Sunday, August 22, 2010

အဖြူရောင်မယ်လိုဒီ

နံနက်ခင်းတစ်ခု ထွန်းကားလာသလိုမျိုး
ရိုးရိုးလေးအစပြုတဲ့ လင်းလက်မှုမှာ
တစ်ယောက်နှလုံးသားကို တစ်ယောက်မြင်ခွင့်ရနိုင်ပါရဲ့
ရင်တံခါးကို စေ့ထားခဲ့တယ်။

ဒင်္ဂါးဝိုင်းဆန်တဲ့ နီးစပ်မှုမှာ ပါးလွှာပေမယ့် မဖြိုလဲနိုင်ခဲ့တဲ့ နံရံကို
ငါတို့မျက်လုံးတွေထဲ ငါတို့ပဲ ထည့်မိကြ
ဒီလိုနဲ့
သံယောဇဉ်စစ်စစ်ကို အထပ်ထပ် လွန်းတင်ကျစ်ခဲ့ကြတယ်။

လက်ဝါးချင်းရိုက်သံကို ကျေနပ်တတ်ရုံ
ရယ်စရာတွေနဲ့ မောစရာကို ဖုံးကွယ်တတ်ရုံ
ကော်ဖီနွေးနွေးရှိတဲ့ ဆောင်းရာသီကို နှစ်ဦးသဘောတူ နှစ်သက်တတ်ရုံထက်
ငါတို့နှလုံးငားချင်း တံတားမထိုးနိုင်ခဲ့ဘူးဆိုပေမယ့်
ခရီးမပေါက်နိုင်တဲ့ စိတ်ကူးနဲ့
ရောက်တဲ့အရပ်မှာ စိုက်ခင်းက ထွန်းကားလို့ပေါ့ ..

လိုအပ်ရင်တော့ အဆိပ်ခွက်ကိုတောင် သောက်ဝံ့ကြပေမယ့်
မမြင်ရတဲ့ လိုအပ်မှုကို ငတ်မွတ်စွာ ငြင်းပယ်ရင်း
ကိုယ်ပိုင်စီရင်မှုကို ပြဋ္ဌာန်းထားကြတယ်လေ။

ဒီလိုနဲ့
တစ်ယောက်ရဲ့ မွေးနေ့ကို တစ်ယောက်က မှတ်မိခဲ့တယ်
တစ်ယောက်ရဲ့ အရသာကို တစ်ယောက်က နားလည်ခဲ့တယ်
တစ်ယောက်ရဲ့ အိပ်မက်ကို တစ်ယောက်က နိမိတ်သိခဲ့တယ်
ဒီလောက်နဲ့ပဲ
ငါတို့သံစဉ်က ချိုမြိန်လို့ပေါ့။

ခရီးတစ်ခုအဆုံးထိ
ငါတို့တွေ နီးစပ်ခိုင်မာခဲ့တဲ့ “မယ်လိုဒီ” ကို
ကမ္ဘာသစ်ရဲ့ ကျောက်စာဖြူမှာ ရေးထိုးလိုက်ကြစို့
ငါတို့နှစ်ယောက် သူငယ်ချင်းတွေ မဟုတ်လား ကောင်မလေးရယ် ..

အယ်လ်စေတန်
(နံရံပါးပါးခြားပြီး နီးစပ်နေကြသူများသို့)

No comments:

Post a Comment