Sunday, August 22, 2010

အလင်းအိပ်မက်ပျောက်ဆုံးချိန် (၁) (သို့မဟုတ်) စင်္ကြန် (၁) မှ ငိုရှိုက်သံ

ကောင်းကင်ထိ ထိုးဖောက်နေတဲ့
အဲဒီ ဂုံး(ခုံး)တံတားထိပ်က
ငါတို့ခြေရာတွေ
လေးကိုင်းသဏ္ဍာန် ၀င့်ကြွားနေတဲ့
မိုးခို ပလက်ဖောင်း အမိုးအောက်က
ငါတို့ စကားသံတွေ
ဂုံးတံတားအောက် အမှောင်ရိပ်ထဲ
ဘယ်ညာချိုးကွေ့ လှေခါးထက်က
ငါတို့ ရယ်မောသံတွေ
ရန်ကုန်ရေ ...
ဘူတာကြီး ဂုံး(ခုံး)တံတားရေ ...
ဟောဒီရင်မှာ လေပြည်တစ်ချက် ဝေ့သလိုပါပဲ။

ဖမ်းဆုပ်လို့မရတဲ့ အရာတွေထဲမှာ
မင်းအပြုံးနဲ့ ငါ့မျက်ရည်တွေပါတယ်
ဝိဥာဉ်လွတ်စိတ်ကြောင့်
ရခဲတဲ့ ဒဏ်ရာကို ခဏမေ့
အားတင်းပြီး မင်းကိုရှာ
မှုန်ဝါးဝါးပုံရိပ်
ပြာလဲလဲ့ည
အဲဒီညကိုက ခါးနေတာ။

ပျောက်ဆုံးတောမယ့် ငါ့မနက်ဖြန်ကို
မင်းပဲ ခိုးယူသွားတာလား
ငါကပဲ ခိုးပေးမိတာလား
ဆယ်ပြာသယ်(သည်) လင်ပျောက်သလို
ရှာလိုက်ရတဲ့ မင်း ဦးထုပ်တစ်လုံးဟာလည်း
ထိတွေ့ခွင့်လေးတောင် မရခဲ့ဘူး
ငါ့ကို သနားတဲ့ ဂိတ်စောင့်တွေက
လက်ထိပ်မခတ်ဘဲ လွှတ်ခဲ့တာတောင်
ငါက “မင်းရဲ့ အကျဉ်းသား” လေ။

နပိုလီယံထက် ၅ မိနစ်တန်ဖိုးကိုနားလည်
ငါတို့ ဝေးသွားတော့မယ့် အချိန်လေးအတွင်း
သံကို သံက တွန်းပို့သံကြားချိန်
ဖြတ်ခနဲပျောက်သွားတဲ့ ငါ့အလင်းရောင်
တုန်နေတဲ့ ဒူးတွေထိန်းထား
မှုန်နေတဲ့ မျက်လုံတွေဝါးသွား
ခုန်နေတဲ့ ရထားတွေ ဝေးသွား

ဘူတာရုံလေး တိတ်ဆိတ်ချိန်ထိ
မင်းက ငါနဲ့ ဝေး... ဝေး... ဝေး...ဝေး သွားခဲတာ
အဲဒီမှာ ငါကိုယ်တိုင် မီးသဂြိုလ်ပြီး
ငါကိုယ်တိုင် လောင်ကျွမ်းခဲ့တာ
အဲဒီ စင်္ကြန် (၁) မှာပေါ့။ ။

ကြယ်စင်လေး
၂၀၀၆ ခုနှစ်က မန္တလေးကို အလုပ်တာဝန်နဲ့ ထွက်သွားရတဲ့ သူငယ်ချင်းအ၀င်းအတွက် သူငယ်ချင်းတွေကိုယ်စား ရေးခဲ့တဲ့ ကဗျာလေးပါ။ (၂၇-၆-၂၀၀၆)

No comments:

Post a Comment