Tuesday, November 9, 2010

ပန်းနုရောင် မျှော်လင့်ချက်

မျက်ဝန်းခပ်နက်နက်တွေနဲ့
အိပ်မက်တွေကို ဖန်ဆင်း
အနာဂတ်တွေကို အသက်သွင်းတဲ့
ငါ့သူငယ်ချင်းရေ
မင်းမသိတဲ့
မင်းမကြည့်တဲ့
ငါ့မျက်ဝန်းတွေထဲမှာတော့
တစ်စုံတစ်ခုကို မျှော်လင့်ရင်း
အဖြူရောင် ရင်ခုန်သံတွေ
အများအပြား ဆင်ယင်လို့
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့
မျှော်လင့်ချက်ဆိုတာ
ပုပ်သိုးတတ်တဲ့အရာမဟုတ်ပေမယ့်
ကြာကြာထားလို့တော့
မကောင်းဘူးထင်တယ်နော်။

Saturday, September 18, 2010

ချောကလက်ရောင် မိုးစက်များ

ဂျူလိုင်မိုးစက်တွေကြား
အညိုရောင် မျက်ဝန်းပိုင်ရှင်လေး
အမှတ်တမဲ့ တွေ့ခဲ့ရတယ်။

ကျောင်းခေါင်းမိုးပေါ်
မိုးစက်တွေ က ခုန်တဲ့နေ့ကပေါ့
သူ့ကို ခင်မင်ခွင့်ရခဲ့ပါတယ်။

နေ့စဉ်နဲ့အမျှမှာ
သူ့နာမည်နဲ့ တယ်လီဖုန်းခေါ်နေမိတယ်
အတွေးထဲ
သူ့ ရယ်သံလွင့်လွင့်လေး ကြားနေသရွေ့
အိပ်မက်ထဲ
သူ့ကိုယ်သင်းရနံ့လေး ရနေသရွေ့
စိတ်ကူးထဲ
ဇာတ်လမ်းဆင်တာတောင်မှ
ဘယ်လိုမှ မနီးစပ်နိုင်ခဲ့ဘူး

ကိုယ့်ဘ၀က
“ရွက်ကြမ်းရေကျိုအဆင့်” တဲ့လား
မတော်တဆသာဆိုတယ်
နှလုံးသားက ရစရာမရှိတော့ဘူး
သိမ်ငယ်ခြင်းဟာ
ငါ့တစ်ကိုယ်လုံး စိုရွှဲခဲ့ပြီ။

ကြယ်စင်လေး
(ကျောင်းသားဘ၀တုန်းက ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ဘာရယ်မဟုတ် မိုးကုန်ခါနီးမှ ... ရေးချင်လာတာနဲ့ မှတ်မိသလောက် ပြန်စဉ်းစားပြီး ရေးထားတာပါ။)

Wednesday, September 15, 2010

အနှိုင်းမဲ့အချစ်

ငါ့ နှလုံးသား လောင်ကျွမ်းလို့
“ပြာ” ဖြစ်သွားခဲ့တောင်
ငါ မင်းကို ချစ်နေမယ်။

ငါက မင်း “စားသုံးမယ့်”
ချောကလက် တစ်တောင့် ဖြစ်ချင်ဖြစ်မယ်။

ငါ့အချစ်တွေက
မင်း “ဖတ်နေတဲ့”
ဝတ္ထုတစ်ပုဒ်လို
စွဲမက်ဖို့ ကောင်းချင်မှ ကောင်းမယ်။

ငါကတော့
“...........” တွေလို အချစ်တွေနဲ့
မင်းကို ရူးသွပ်နေရင်းနဲ့ပေါ့။ ။

အဖြူရောင်လက်ဆောင်

ဆုံမှတ်တစ်ခုမှ ဝေးရာဆီသို့
တို့တစ်တွေ ခရီးနှင်ကြရင်း
မင်းရင်မှာ အဆိပ်သင့်ခဲ့ရင်
ခပ်ဖွဖွ ငိုရှိုက်လိုက်ပါ
မင်းအနားကို
ကိုယ်အရောက်လာခဲ့ပါ့မယ်
ကိုယ်က
မင်းအတွက်
ထာဝရလက်ဆောင်တစ်ခုပါ။ ။

ကြယ်စင်

အတိုအစများ (၁)

ဘ၀က ပိန်တော့
အချစ်က ခဏခဏ
ချောင်းဆိုးတယ်။ (၂၄.၁.၂၀၀၅)

ချစ်ခြင်းတွေ အထားမှားလို့
အိပ်မက်တွေ ပုပ်သိုးတဲ့ညက
အသိမ်းအဆည်းမတတ်တဲ့ ရင်ခွင်နဲ့
ညစာ ငတ်ခဲ့ရတယ်။ (၂၅-၄-၂၀၀၆)

ထင်ရာမစိုင်းနဲ့။
ကိုယ့်ကိုယ်ကို ဝေဖန်ပါ။
မကောင်းတဲ့ အပေါင်းအသင်းရှောင်ပါ။
အခြေအနေ ပိုကောင်းချင်ရင် အပြင်းအထန် ကြိုးစားပါ။ (၂၆-၆-၂၀၀၇)

ဒီလိုနဲ့
အတိုအစတွေနဲ့
ပေပွ နေခဲ့တယ်။

ကြယ်စင်

ဝေးလွင့်ခြင်းနေ့စွဲများ

ပြတ်စဲခြင်းက
ချိုမလား၊ ခါးမလား
မထင်မှတ်ဘဲ ရှည်လာတဲ့ ဆံပင်တွေ
ဖြတ်လိုက်ပြီ။

ငါပျော်ရွှင်တယ်
မပျော်ရွှင်ဘူးဆိုတာတော့
လ္ဖက်ရည်ဆိုင်တွေသိတယ်
မြို့ရဲ့လမ်းတွေ သိတယ်။

အမှန်အတိုင်း မသိနိုင်တဲ့
သံသယတွေက အုံ့ဆိုင်းလို့
စကားလုံးတစ်ချို့နဲ့
ငါ့အပေါ် “မင်း” ထစ်ချုန်းခဲ့တယ်။

တိတ်ဆိတ်ခြင်းဟာ
ငါ ရေးသားတော့မယ့်
အကြောင်းအရာပဲ
မရွာနိုင်တဲ့မိုးဟာ “အလွမ်း” ပဲ ဖြစ်မယ်။

ကြယ်စင်

Sunday, August 22, 2010

အလင်းအိပ်မက် ပျောက်ဆုံးချိန် (၂)

ထွက်သွားပါ
မင်းရဲနောက်
အပြေး မလိုက်မိအောင်
ငါ့ခြေထောက်တွေ ဖြတ်ထားတယ်။

မေ့ပါ
မင်းအနာဂတ်တွေ
လင်းလက်မယ်ဆို
ငါက “ည” အဖြစ်ခံလိုက်မယ်

ရက်စက်ပါ
မင်း Operation လုပ်ဖို့
ငါ့ နျလုံးသားကို ဆွဲထုတ်
“အလွမ်းဆေးရည်” တွေ စိမ်ထားတယ်။

မုန်းပါ
ကြွေကျတဲ့ သစ်ရွက်တွေတောင်
ငါ့မျက်နှာကို ဖြတ်ရိုက်တယ်။
ငါးရက်လုံးလုံး
အစာအငတ်ခံ ထားခဲ့ပြီးမှ
ကျွေးခဲ့တဲ့ ညနေစာက
တစ်သက်စာလား

ငါ့မျက်နှာသစ်ရေ ကတောင်
သူ့ကိုယ်သူ သန့်စင်အောင်လို့တဲ့
မြေပြင်မှာ လူးလွန့်ကြတယ်

ဘာကိုမှ မတောင်းဆိုလိုပါဘူးကွာ
ငါ့ဘ၀ကိုသာ
ငါ့လက်ထဲ ပြန်ထည့်ပေးပါ။

ကြယ်စင်လေး